International News

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသော်လည်း အီးယူ၏လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများက ထပ်မံတိုးချဲ့ရန် ဆန္ဒရှိနေ

Last Updated:

ထုတ်လုပ်မှုကျဆင်းခြင်း၊ အမှာစာများပယ်ဖျက်ခြင်းနှင့် နိုင်ငံများအကြားနယ်စပ်များ ပိတ်ထားခြင်းတို့နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ ကြောင့် စားသောက်ကုန်လုပ်ငန်းသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသည်။ သို့ရာတွင် ၁၁-၈-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် German Office for Investment Promotion and Technology Transfer (ITPO) ၏လေ့လာမှုအရ ဥရောပ၏ စားသောက် ကုန်လုပ်ငန်းကုမ္ပဏီများသည် နိုင်ငံတကာနှင့် လုပ်ငန်းတိုးချဲ့ရန်စီစဉ်နေကြသည်ဟုဆိုသည်။ လတ်တလောကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွား လျက်ရှိနေ စေကာမူဥရောပလယ်ယာစိုက်ပျိုးရေးနှင့် အစားအသောက်ကုမ္ပဏီများ၏ ၉၀ ရာခိုင်နှုန်းက လာမည့်တစ်နှစ်မှ သုံးနှစ်အတွင်း လုပ်ငန်း ချဲ့ထွင်ရန်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် လက်ရှိဈေးကွက် ကိုထိန်းထားနိုင်ရန်ဖြစ်စေ အစီအစဉ်ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၊ ဈေးကွက်နှင့်မူဝါဒသုတေသနအဖွဲ့အစည်း (German Institute for Market and Policy Research) မှ ဆောင်ရွက်ခဲ့သည့် ယင်း လေ့လာမှုသည် အာဖရိကနှင့် အာရှဒေသတို့နှင့်  စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည့် SMEs လုပ်ငန်းများနှင့် ကုမ္ပဏီလုပ်ငန်းကြီးများ အရေ အတွက် (၈၀၀)အား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေဆဲအခြေအနေ၌ ၎င်းတို့၏ မဟာဗျူဟာများအပေါ်   စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ် သည်။ အဆိုပါလေ့လာမှုစစ်တမ်းအရ ကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းမှာ ဥရောပဈေးကွက်တွင် အမှာစာများပယ်ဖျက်ခြင်းနှင့် ထုတ်လုပ်မှုကျဆင်း ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းအခြေအနေထပ်တလဲလဲဖြစ်ပေါ်မည်ကို စိုးရိမ်မှုရှိကြကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ၏ ၁၀ ရာခိုင်နှုန်းက လုပ်သား လျှော့ချခြင်း၊ ကုမ္ပဏီလုပ်ငန်းခွဲများပိတ်သိမ်းခြင်း တို့ကို ဆောင်ရွက်ရန် စဉ်းစားကြကြောင်းသိရသည်။

ကာလရှည်မဟာဗျူဟာနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမှုတွင် လုပ်ငန်းများ၏ သုံးပုံနှစ်ပုံက ၎င်းတို့၏ ထုတ်ကုန်ချဲ့ထွင်ရန်နှင့် အနာဂတ် ကာလအကျပ်အတည်းများအတွက် ကုန်စည်ပံ့ပိုးသူနှင့်ဝယ်ယူသူဆိုင်ရာအခြေခံများကို ပိုမိုကောင်းမွန်စွာပြင်ဆင်ထားရှိလိုကြောင်း၊ ကုမ္ပဏီ လုပ်ငန်းသုံးပုံတစ်ပုံက သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ပိုမိုချဲ့ထွင်ရန် ဆန္ဒရှိကြကြောင်းသိရသည်။ ကာလတိုအစီအမံအနေဖြင့် ကုမ္ပဏီ လုပ်ငန်းများ၏ ၅၇ ရာခိုင်နှုန်းသည် လက်ရှိအခြေအနေ၌ ၎င်းတို့၏ ပင်မစီးပွားရေးလုပ်ငန်းများအပေါ် ပိုမိုအာရုံစိုက်လိုကြောင်း ပြောကြားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် supply chains နှောင့်နှေးမှုများစွာဖြစ်ပေါ်နေစေကာမူ စားသောက်ကုန် လုပ်ငန်းများသည် နိုင်ငံတကာနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် ဆက်လက်အာရုံစိုက်လိုကြပြီး၊ စစ်တမ်းအရကုမ္ပဏီ (၅) ခုလျှင် (၁) ခုကသာ ကာလရှည်တွင် ပြည်တွင်းဈေးကွက် အပေါ်အာရုံစိုက်မှုကို ယုံကြည်ကြောင်းသိရသည်။

ကမ္ဘာ့စားသောက်ကုန်ထုတ်လုပ်စီးဆင်းမှု စိတ်ချလုံခြုံစေရေးနှင့် လူမှုစီးပွားရေးတည်ငြိမ်မှု သေချာစေရေးတို့အတွက် ဈေးကွက်ဖွင့်လှစ်မှုကို ဆက်လက်ထိန်းထားခြင်းသည် အရေးပါကြောင်း ITPO ၏ ဒါရိုက်တာဖြစ်သူ Rolf Steltemeier က ပြောကြားခဲ့သည်။ စားသောက်ကုန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊ လူဦးရေ ၁.၅ ဘီလီယံခန့်ကို အလုပ်အကိုင် ပေးထားကြောင်းသိရသည်။ အာရှနှင့် အာဖရိကဒေသတို့၌ စားသောက်ကုန်ထုတ်လုပ်မှုအားကောင်းစေရန်အတွက် ဒေသတွင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများက အများဆုံးကူညီပေးနိုင်မည်ဟု စစ်တမ်းကောက်ယူခဲ့သည့် လုပ်ငန်းများ၏ သုံးပုံနှစ်ပုံကယုံကြည်ကြသည်။ အခြားအရေး ပါသော အစီအမံများအနေဖြင့် အစိုးရအထောက်အပံ့အစီအစဉ်များနှင့် ဈေးကွက်ဖြေလျှော့ခြင်းတို့ကို ၎င်းတို့က ဖြေကြားခဲ့ကြကြောင်းသိရသည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်၌ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများအား အကူအညီပေးရန်အတွက် ဥရောပကော်မရှင်က အစီအမံများစွာကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့တွင် လုပ်ငန်းများ၏လည်ပတ်မှုကုန်ကျစရိတ်အတွက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေမှ အာမခံပေးခြင်း၊ ချေးငွေ ထုတ်ချေး ပေးခြင်း၊  လယ်သမားများနှင့် စားသောက်ကုန်ဆင့်တက်ပြုပြင် ထုတ်လုပ်သည့် ကုမ္ပဏီများအား တိုက်ရိုက်ငွေကြေး ထောက်ပံ့ပေးရန် အီးယူအဖွဲ့ဝင်နိုင်ငံများအားခွင့်ပြုပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (Euractiv)

Category: International News